မြန်မာနိုင်ငံ အလံကိုပြောင်းချင်သူတွေ

ဓာတ်ပုံ ရင်းမြစ်,Getty Images
လွှတ်တော် အခြေခံဥပဒေ ပြင်ဆင်ရေးကော်မတီက ပါတီတွေ အလိုက် ပြင်ဖို့အကြံပြုတင်ပြချက်တွေမှာလက်ရှိမြန်မာနိုင်ငံ အလံကို ပြောင်းလဲဖို့ တင်ပြကြတာတွေရှိပါတယ်။
အခြေခံဥပဒေ ပြင်ဆင်ရေးကော်မတီက ပါတီတွေ အလိုက် တင်ပြချက်တွေကို စုစည်းထားတဲ့ အစီရင်ခံစာထဲမှာ နိုင်ငံရေး ပါတီလေးခုက လက်ရှိ အလံအမျိုးအစား အသစ် ပုံစံလေးမျိုးကို တင်ပြလာတာလည်း တွေ့ရပါတယ်။
အလံပြောင်းဖို့ တင်ပြတဲ့ပါတီတွေထဲမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ၊ရှမ်း တိုင်းရင်းသားများဒီမိုကရေစီ အဖွဲ့ချုပ်၊ ဇိုမီး ဒီမိုကရေစီအဖွဲ့ချုပ် နဲ့ အမျိုးသားညီညွတ် သောဒီမို ကရက်တစ်ပါတီ တို့ပါဝင်ပြီး လက်ရှိ ၂၀၀၈ အခြေခံ ဥပဒေပါ အလံ ကို ပြင်ဆင်ဖို့ အကြံပြုထားပါတယ်။
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ၊ရှမ်း တိုင်းရင်းသားများဒီမိုကရေစီ အဖွဲ့ချုပ် တို့အဆိုပြု အလံတွေကတော့ ကြယ်တွေ ဝါစီမ်းနီ အရောင်တွေ အခြေခံကြပြီးတော့ဇိုမီး ဒီမိုကရေစီအဖွဲ့ချုပ် နဲ့ အမျိုးသားညီညွတ် သောဒီမို ကရက်တစ်ပါတီ အလံတွေက မြန်မာနိုင်ငံမြေပုံနဲ့ ဝါစီမ်းနီမဟုတ်တဲ့အခြားအရောင်တွေကို သုံးထားတာတွေ့ရပါတယ် ။

လွတ်လပ်ရေးရပြီးခါစအလံ
အမျိုးသားဒီမို ကရေစီ အဖွဲ့ချုပ်က အဆိုပြုတဲ့ အလံသစ်ပုံစံက တော့ အရွယ်တူ ကြယ်၁၄ လုံးက ကြယ်အကြီး ကို ဝန်း ရံထားပြီး အနီရောင်နဲ့ အပြာရောင်ကို ဒေါင့်ခံထားပါတယ်။
အရင် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီခေတ်က နိုင်ငံတော် အလံနဲ့ ဆိုရင် စပါးနှံ နဲ့ စက်သွား ပါ အလံနဲ့ အတော်ဆင်ပါတယ်။
"အမျိုးသားဒီမို ကရေစီ အဖွဲ့ချုပ်က အဆိုပြုတဲ့ အလံ ကရိုးရိုးရှင်းရှင်းနဲ့ အဓိပ္ပါယ်ရှိပါတယ် ဒါက လွတ်လပ်ရေးရပြီးခါစတုန်းက သုံးတဲ့အလံပါ။ ကြယ်၁၄ လုံးက ပြည်နယ်တိုင်း ၁၄ ခု ပါ " လို့ အမျိုးသားဒီမို ကရေစီ အဖွဲ့ချုပ်က ပြောဆိုခွင့် ရှိသူမုံရွာအောင်ရှင်ကပြောပါတယ်။
အခု အလံကို ပြောင်းဖို့ပြင်ရတာဟာ လက်ရှိအလံက မကောင်းလို့တော့ မဟုတ်ဘဲ အရင် စစ်အာဏာရှင် လက်ထက် ကအတည် ပြုထားတဲ့ အခြေခံဥပဒေကို ပြောင်းသလို အဲဒီတုန်း က အလံ ကို လည်းပြောင်းတာပါလို့သူကပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်,Getty Images
ဖက်ဒရယ်ပုံစံအလံ
"ဝါစိမ်းနီ သုံးရောင်ခြယ် ကတော့ မြန်မာနိုင်ငံ ဖြစ်လာတဲ့ သမိုင်းထဲက တောက်လျှောက်ပါနေတာလေ၊ အဲဒါကြောင့်ထည့်ထားတာ နောက်တစ်ခုက အပြာကတော့ ငြိမ်းချမ်းတဲ့ပြည်ထောင်စု တစ်ခုပေါ့လေ၊ အဲဒါကို ပုံဖော်ချင်တာလည်းပါတယ် ။ ကြယ်အကြီးဘေးမှာ ကြယ်ရှစ်လုံး ရံနေတာကတော့ ၊ကြယ်အကြီးက ပြည်ထောင်စုဖြစ်ပြီးတော့ ကြယ်ရှစ်လုံးကတော့ ၁၉၆၁ တောင်ကြီးညီလာ ခံမှာ ချမှတ်ခဲ့တဲ့ ဖက်ဒရယ်ပုံစံ "လို့ လည်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရေ စီအဖွဲ့ချုပ် က ပြောခွင့်ရသူ စိုင်းကျော်ညွန့်ကပြောပါတယ် ။
ဒီဟာက ဖက်ဒရယ်ပုံစံလည်းဖြစ်သလို တောင်ကြီးမှာ ကျင်းပခဲ့တဲ့ ၁၉၆၁ ပြည်နယ်ပေါင်းစုံ ဆုံးဖြတ်ချက်ကို အခြေခံတာလည်းဖြစ်တယ် လို့ သူကရှင်းပြပါတယ် ။
လက်ရှိက တိုင်းနဲ့ပြည်နယ် ၁၄ ခု ဖြစ်နေတော့ ဒါ ကဘာဖြစ်လို့ ၈ ခု ပြင်ချင်တာလဲ လို့ဆိုတာနဲ့ ပတ်သက်လို့ အခု ဖြစ်တည်နေတဲ့ကိစ္စ က ၁၉၇၄ ကတစ်ပါတီ အာဏာရှင်က ပြည်သူတွေနဲ့ မတိုင်ပင်ဘဲ လုပ်လိုက်တဲ့ ပုံစံဖြစ်ပြီးတော့ အဲဒါကြောင့်ပြောင်းတာပါလို့ လည်း စိုင်းကျော်ညွန့် ကပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်,AFP
ကာကီရောင်အလံသစ်
ဇိုမီး ဒီမိုကရေစီအဖွဲ့ချုပ် နဲ့ အမျိုးသားညီညွတ် သောဒီမို ကရက်တစ်ပါတီ အလံတွေက ဝါစီမ်းနီမဟုတ်တဲ့ အခြားအရောင်တွေကို သုံးထားပါတယ် ။
ဘာကြောင့် ဝါစီမ်းနီမသုံးတာလဲ ဆိုတာကို အမျိုးသားညီညွတ် သောဒီမို ကရက်တစ်ပါတီ က ဥက္ကဋ္ဌ ဦးစိန်ဝင်းက "ကာကီရောင် သုံးတာ က ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုမှာစိုက်ပျိုးရေးကို ကိုယ်စားပြုပြီး လူတန်းစားမရွေး ကိုယ်စားပြုထောက်ပံ့တဲ့မြေ ကြီးအရောင် ကို သုံးထားတာ"လို့ ရှင်းပြပါတယ်။
ဝါ၊ စိမ်း၊နီ ဟာ အခုအခါမှာ နိုင်ငံရေးပါတီ တွေနဲ့ ရောထွေးနေလို့ အခု လို မြေကြီးအရောင် ကိုသုံးတာ ဖြစ်ပါတယ် လို့ လည်းသူကပြောပါတယ်။
အမျိုးသားညီညွတ် သောဒီမို ကရက်တစ်ပါတီ က နိုင်ငံတော်အမှတ် တံဆိပ်ကို လည်းခြင်္သေ့နှစ်ကောင် ဖြုတ်ဖို့ အဆို ပြုထားပါတယ်။
ကာကီရောင် ဟာ တတ်သိပညာရှင် တွေကို ဦးစားပေးတာ ဖြစ်တယ်လို့ ပြောသလို တိုင်းနဲ့ပြည်နယ် တွေ ကို အရောင် ခွဲခြားတာ လည်း မြန်မာနိုင်ငံရေးဖြစ်စဉ်တွေနဲ့ အနာဂတ် ကို ပန်းချီ သဘောနဲ့စိတ်ကူးပုံဖော်တာလို့ သူကပြောပါတယ်။
အလံဘယ်တုန်းကပြင်
မြန်မာနိုင်ငံ အစိုးရဟာ ၂၀၁၀ ခုနှစ် အောက်တိုဘာလ ၂၁ ရက်နေ့ မှာ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်အလံသစ် တရားဝင်လွှင့်ထူ သုံးစွဲခဲ့ပြီး ၁၉၇၄ ခုနှစ်ကစပြီး သုံးစွဲခဲ့တဲ့ ပြည်ထောင်စု ဆိုရှယ်လစ် သမ္မတ မြန်မာနိုင်ငံတော်အလံကို ဖျက်သိမ်းလိုက်ပါတယ်။ နိုင်ငံတော်အလံ ဥပဒေ၊ နိုင်ငံတော်အထိမ်းအမှတ်တံဆိပ် ဥပဒေ၊ နိုင်ငံတော်သီချင်း ဥပဒေနှင့် နိုင်ငံတော်အလံ နည်းဥပဒေများ၊ နိုင်ငံတော်အထိမ်းအမှတ်တံဆိပ် နည်းဥပဒေများ၊ နိုင်ငံတော်သီချင်း နည်းဥပဒေများကို တပြိုင်နက်တည်း ပြဋ္ဌာန်းထုတ်ပြန်ခဲ့ ပါတယ်။နိုင်ငံတော်အလံ၊ နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်နဲ့ နိုင်ငံတော်သီချင်း အသစ်တွေကို ၂၀၀၈ ခုနှစ်မှာ အတည်ပြုခဲ့တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း ၁၃ ပုဒ်မ ၄၃၇၊ ၄၃၈ နှင့် ၄၃၉ တို့မှာ အသီးသီး ပြဋ္ဌာန်းရေးသားထားပါတယ်။
နိုင်ငံတော်အလံဟာအ အရင်အလံနှင့် များစွာကွဲပြားသွားပြီး၊ နိုင်ငံတော်တံဆိပ်ကတော့ တံဆိပ်ပါ စာတန်းပဲ ပြောင်းလဲထားတာဖြစ်ပါတယ်။
လက်ရှိ အခြေခံ ဥပဒေပြင်ဆင်ခြင်းအခန်းအရ အလံကို ပြင်ဆင်မယ် ဆိုရင်တော့ လွှတ်တော်ကိုယ်စားလှယ် ၂၀ ရာခိုင်နှုန်း ကတင်ပြလာရင် လွှတ်တော် မှာဆွေးနွေးရမှာဖြစ်ပြီးတော့ ၇၅ ရာခိုင်နှုန်းအထက်ကထောက်ခံရင် ပြင်လို့ ရပါတယ် ။
ဘယ်လိုပြင်
လက်ရှိအခြေခံ ဥပဒေပြင်ဆင်ရေးဟာ လာမဲ့ ဇူလိုင်လ ၂၃ ရက် ဝန်းကျင်မှ စတင်ဖို့ရှိပြီး တော အခုလို နိုင်ငံရေးပါတီတွေက တင်ပြထားတဲ့ နိုင်ငံတော် အလံ ပြင်ဆင်ရေး ဟာလည်းဒီဆွေးနွေးပွဲတွေ မှာ ဆွေးနွေးဖို့ရှိနေပါတယ် ။
ဒါပေမဲ့ အလံအပါဝင် အခြေခံ ဥပဒေပြင်ရင် ၂၀၀၈ အခြေခံ ဥပဒေပြင်ဆင်ရေးနဲ့ ပြင်မလား အသစ်ပြင်မယ့် ပြင်ဆင်ရေးနဲ့ ပြင်မလားဆိုတာ ကတော့ရှင်းရှင်းလင်းလင်းမရှိသေးပါဘူး။








